ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် ဧပြီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေ ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် နှစ်နှစ်အောက် ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရှမ်းရွာသစ်မြို့ ကျေးလက် ကျန်းမာရေးဌာနတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစုစုအောင်က ကလေးငယ်များ ကူးစက်ရောဂါတို့မှကာကွယ်ရန်နှင့် ကျန်းမာရေး အသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)