ပေါက်ခေါင်း ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက်က မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်း ဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မွေးစ(၂)လမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး) ပြင်းထန် အဆုပ်ရောင်(ပီဗွီစီ) ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာ ဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေး ပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းများ ကို လဆန်းပိုင်း (၁)ရက်နေ့မှ (၃)ရက်နေ့အထိ လစဉ်ပုံမှန်ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ် ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်