ပေါက်ခေါင်း ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက် ရေးအတွက် သက်ဆိုင်ရာဌာနများက ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကျေးရွာ CLC ခန်းမတွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် စောကဲကျေးရွာတောင်သူများနှင့်လည်းကောင်း၊ ကျေးရွာတောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းက နွေစပါးလျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ဝါးသီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေးနှင့် အထွက်နှုန်း တိုးတက်ရေးတို့ အတွက် အဓိကထားပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက်ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)