ဝန်းသို စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်စေရေး အာဟာရ ရက်သတ္တပတ်နေ့ အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေးခြင်းနှင့် မြို့မစျေးကြီး အတွင်း ရောင်းချနေသော ဆားများတွင် အိုင်အိုဒင်း ဓါတ်ပြည့်မှီမှု ရှိ/မရှိ စစ်ဆေးပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပြောကြားရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ယဉ်ယဉ်အေးက ကိုယ်ဝန်ဆောင်နှင့်နို့တိုက် မိခင်များ အာဟာရဖွံ့ဖြိုးစေရေးအတွက် ကိုယ်ဝန်ဆောင်စဉ် လိုအပ်လျက်ရှိသော သံဓါတ် အာဟာရ အားဆေး၊ ဗီတာမင်အေနှင့် ဘီဝမ်းအကြောင်း၊ အိုင်အိုဒင်းဓါတ်များ အပြည့်အဝရရှိစေရေးနှင့် အာဟာရဓါတ် တစ်ခုချင်းစီ၏ ကောင်းကျိုးများနှင့် အာဟာရချိုတဲ့မှု၏ နောက် ဆက်တွဲ ဆိုးကျိုးများ အကြောင်း၊ အနာဂတ် ရင်သွေး ငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ် တည်ဆောက်ရန်အတွက် ကိုယ်ဝန်ဆောင် များ စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုခံယူကြရန်တို့ကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့များ ပူးပေါင်း၍ မြို့မစျေး အတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော ဆားများတွင် အိုင်အိုဒင်းဓါတ်ပြည့်မှီမှုရှိ/မရှိနှင့် ထားသို၊ ထုတ်ပိုး၊ သိမ်းဆည်းသည့် နေရာများတွင် အိုင်အိုဒင်းဓါတ်လျော့နည်းမှုမရှိစေရန်တို့ကို စစ်ဆေး ခဲ့ကြပြီး စျေးသူစျေးသားများအနေဖြင့် အိုင်အိုဒင်း ပြည့်မှီသောဆားများကို ရောင်းချကြရန်၊ အိုင်အိုဒင်းဓါတ် လျော့ပါး မသွားစေရန် ထားသို၊ ထုတ်ပိုးမှုတို့ ကိုစနစ်တကျ ဆောင်ရွက်ကြရန်၊ အိုင်အိုဒင်းချို့တဲ့သော ဆားများကို ရောင်းချသုံးစွဲမိပါက သားပျက်/ သားလျှောခြင်း၊ ပေါင်မပြည့်/ လမစေ့သော ကလေးမွေးဖွားခြင်း၊ ကလေး အသေမွေးဖွားခြင်းတို့ဖြစ်တတ်ပြီး ကလေးငယ်များ စံချိန်မှီမကြီးထွားနိုင်ပဲ သေးကွေးပုညှက်ခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ လည်ပင်းကြီးရောဂါ၊ နားလေးရောဂါ စသည့်နောက်ဆက်တွဲ ဆိုးကျိုးများစွာခံစားရနိုင်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ယဉ်ယဉ်အေးက အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)