လက်ပံတန်းမြို့နယ်၌ ကာကွယ်ဆေးမထိုးရသေးသည့် ဒေသခံပြည်သူများအား ကောက်သင်းကောက် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး

လက်ပံတန်း  ဧပြီ    ၂

 ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ​ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၆)ဖွဲ့ဖြင့် ကျေးရွာအရောက် ကောက်သင်း ကောက် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်၊ တစ်မြို့နယ်လုံး ကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်းအပြည့်အဝ လွှမ်းခြုံစွာထိုးနှံပြီးစီးရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်း မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၉၃၁၀၇)ဦးအနက် ပထမအကြိမ်ဆေးထိုးပြီးသူ (၇၂၃၆၆)ဦး၊ ဒုတိယအကြိမ်ဆေးထိုးပြီးသူ (၇၀၁၉၃) ရှိပြီး၊ ကာကွယ်ဆေးလုံးဝမထိုးရသေးသူ (၂၀၆၄၁)ဦးအနက် မတ်လ ၃၁ ရက်နေ့ထိ (၇၂၀၇)ဦး ထိုးနှံပြီးစီးကြောင်း  နှင့် ဧပြီလကုန်တွင် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။

မြို့နယ်(ပြန်/ဆက်)