ကလိန်အောင် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျက်ရှိရာ စိုက်ပျိုးနိုင်သော ဈေးကွက်ဝင် ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း၍စီးပွားဖြစ် ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငရုတ်ပင်သည် ပူနွေးသောရာသီဥတုကို နှစ်သက်ပြီးအေးလွန်း၊ ပူလွန်းသောရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပြီး ကလိန်အောင်မြို့တွင် အများဆုံးစိုက်သော ငရုတ်မျိုးမှာ မိုးထောင်မျိုး(အရပ်ခေါ်) မိုးမျှော်သီးငရုတ်ကို အဓိကထား၍ရာသီမရွေးစိုက်ပျိုးလေ့ရှိကြပြီး ငရုတ်ပွမျိုး နှင်းအတောင့်ရှည်မျိုးကို များတော့ ဆောင်ရာသီတွင် အဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း စိုက်ပျိုးချိန် ပေါ်မူတည်၍ မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဦးဆောင်းငရုတ်ဟု ခေါ်ဆိုကြသလို စိုက်ပျိုးသည့် မြေအလိုက် လယ်ငရုတ်၊ ကိုင်းငရုတ်ဟူ၍ ခွဲခြားကြောင်း ကလိန်အောင်မြို့တွင် ကိုင်ငရုတ်သီးပင်ကို အဓိကစိုက်ပျိုးပြီး စိုက်ပျိုးမည့်မြေအား ပြုပြင်ရာတွင် ပေါင်းမြက်ကင်းစင်ပြီး မုန့်ညှက်သည်အထိပြုပြင်ရပြီး ထိုမြေအား နွားချေး၊ မြေဆွေးစသည့် သဘာဝဓာတ်မြေသြဇာနှင့်ယူးရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေဩဇာများကို အချိုးကျ သမအောင်ရောမွှေပြီး မြေခံအဖြစ်ထည့်သွင်းစိုက်ပျိုးရကြောင်း ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးသည့် ဦးသန်းအောင်ထံမှ သိရသည်။
ယခုနွေရာသီတွင် ငရုတ်သီးစိုက်သူများသည် ငရုတ်သီးများလှိုင်လှိုင်ထွက်ပြီး ဈေးကောင်းလည်းရသဖြင့် တောင်သူများ ဝင်ငွေတိုးကာ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဦးသန်းအောင်က ပြောသည်။
ခင်ခင်လဲ့(ပြန်/ဆက်)