မြိတ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မဟာသင်္ကြန် ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်နှင့်အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွဲ နိုင်ရေး၊ ဖျော်ဖြေရေး ရေကစားမဏ္ဍပ် ဆောင်ရွက်ကြရေးနှင့် မဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွင်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧပြီ(၁)ရက်နေ့လယ်ပိုင်းက တွေ့ဆုံ၍ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မြိတ်မြို့၏ ဖျော်ဖြေရေး ရေကစားမဏ္ဍပ်ကို စတင်တည်ဆောက်လျက်ရှိလျက်ပြီး ရပ်ကွက်/ ကျေးရွာများတွင်လည်း ရေကစားမဏ္ဍပ်များ၊ မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ရေး တာဝန်ရှိသူများက ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ကြပြီး ဖျော်ဖြေရေးမဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များက ဖျော်ဖြေခြင်းနှင့် သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ပြည်သူများ ပျော်ရွင်စွာဆင်နွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)