ထားဝယ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကျက်သရေဆောင်၊ ရွှေတောင်စားစေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ (၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စေတီတော်မြတ်ကြီး အစဉ်ထာဝရ သပ္ပါယ်တင့်တယ် ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ဘုရားကြီးဂေါပကအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ အများပြည်သူစေတနာရှင်၊ ကုသိုလ်ရှင်များ၏ ကုသိုလ်ကောင်းမှုဖြင့် ရွှေတောင်စားစေတီတော်မြတ်ကြီးအား (၅) နှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ကျင်းပဆောင်ရွက် လာခဲ့ရာ တတိယအကြိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
"ဥသြကျော်လစ်ရွှေတောင်စားသက္ကရာဇ်" ဟူသော ကဗျည်းမော်ကွန်းစာအရ စေတီတော်မြတ်ကြီး၏ သက်တမ်းသည် နှစ်ပေါင်း (၂၅၉) နှစ်ရှိပြီဖြစ်ပြီး ပထမအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသား ရွှေသင်္ကန်းတော် ဆက်ကပ်ခြင်းအလှူတော်မင်္ဂလာကို ၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အလှူတော်မင်္ဂလာကို ၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃) ရက်နေ့တွင် လည်း ကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
သိုဖြစ်ပါ၍ ရဟန်းရှင်လူ အများပြည်သူစေတနာရှင် ကုသိုလ်ရှင်များအနေဖြင့် (၉ လက်မx ၉ လက်မ) ပတ်လည် ကြေးခံရွှေပြား တစ်ချပ်လျှင် (၂၅၀၀၀) ကျပ်နှုန်းဖြင့် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ကြောင်း ထားဝယ်မြို့၊ ဘုရားကြီးဂေါပကထံမှ သိရှိရသည်။
ရွှေပင်လယ်(ထားဝယ်)