ခမောက်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံညှိနှိုင်းဆောင်ရွက်

ခမောက်ကြီး စက်တင်ဘာ ၁

မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် ခမောက်ကြီးမြို့ပေါ်ရပ်ကွက်နှင့် နယ်စပ်ဒေသရှမ်း(၆)ရွာအတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်က ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်၊ စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဘဂွမ်က ခမောက်ကြီးဒေသအတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်တွင် လက်ရှိလုပ်ဆောင်နေသော အခက်အခဲများ၊ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းရန်၊ မဲဆန္ဒရှင်စာရင်း၌ အဘအမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် စသည်ဖြင့် အပေါက်ဖြစ်နေသည်များကို မြန်မြန်ဆန်ဆန်နှင့်မှန်မှန်ကန်ကန် ပြီးမြောက်နိုင်ရေးအတွက် အုပ်စုခွဲ၍ ခပ်စိပ်စိပ်ဆောင်ရွက်ကြရန် စသည်ဖြင့်ဆွေးနွေးပြီး၊ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့် ကျေးရွာ(၆)ရွာတို့မှ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ဖွယ်များ၊ လုပ်ငန်းလမ်းညွှန်မှုများကို အပြန်အလှန် ဆွေးနွေးမေးမြန်ဆောင်ရွက်ကြသည်။

ထို့နောက် တော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဦးအုန်းမြက လိုအပ်သည်များနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏လုပ်ထုံးလုပ်နည်းများအား ဖြည့်စွက်ရှင်လင်းပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ကော့သောင်းခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ခမောက်ကြီး မြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)