ညောင်တုန်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှု မရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးနှင့် မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ လမ်းမတော် လမ်းမကြီး၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ အမှတ် (၆) ရပ်ကွက် လမ်းဆုံနှင့် လမ်းမတစ်လျှောက် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်း (Mask)သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဝယ်ယူစေပြီး နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ဆောင်ရွက် ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည် ဆိုပါက ရောဂါကူးစပ်မှုမှ ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) များကို တပ်ဆင်ကြရမည်ဖြစ်ပြီး မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့မှ ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့ပေါ်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ဩဂုတ်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ အသိပညာပေး နှိုးဆော် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)