မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာ တိုက်နယ်ဆေးရုံတည်ဆောက်မှု(၈၅)ရာခိုင်နှုန်းပြီးစီး

မြို့သစ် စက်တင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာတွင် တစ်ထပ် RC တိုက်နယ်ဆေး ရုံကို  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  ကုသရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် (၁၅၀.၀၀)ကျပ်သန်း၊၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် အတွက် (၃၆၆.၄၈) ကျပ်သန်းဖြင့် မကွေးမြို့ Best Synergy ကုမ္ပဏီလီမိတက်မှတာ ဝန်ယူတည်ဆောက်နေပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း Best Synergy ကုမ္ပဏီလီမိတက်မှ ဆိုဒ်အင်ဂျင်နီယာတာဝန်ခံထံမှ သိရသည်။

အဆိုပါ ဝါးကြီးအိုင်တိုက်နယ်ဆေးရုံ၏  လုပ်ငန်းပမာဏမှာ ၂၀၁၉ -၂၀၂၀ဘဏ္ဍာနှစ်အတွက် အလျား (၁၀၃)ပေ ၊ အနံ (၁၃၅)ပေရှိ ပင်မဆောင်၊ အလျား ၃၃ ပေ ၊ အနံ ၂၄ ပေရှိ နှစ်ခန်းတွဲ ဆရာ ဝန်နေအိမ်တစ်လုံး နှင့်ခြံစည်းရိုးလုပ်ငန်း ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အလျား (၁၀၃)ပေ ၊   အနံ (၁၃၅)ပေရှိ  ပင်မဆောင်  ၊  အလျား ၃၃ ပေ  ၊   အနံ  ၂၄ ပေရှိ  နှစ်ခန်းတွဲ ဆရာဝန် နေအိမ်တစ်လုံး ၊ အလျား ၂၀ပေ  ၊  အနံ ၁၅ပေရှိ  RC  ရင်ခွဲရုံတစ်လုံးနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းဖြစ် သည်။

အဆိုပါ တိုက်နယ်ဆေးရုံပြီးစီးပါက ဝါးကြီးအိုင်ကျေးရွာအုပ်စု၊ မနော့ကုန်းကျေးရွာအုပ်စု ၊ နွားလှကျေးရွာ အုပ်စု၊  ရုံးတော ကျေးရွာအုပ်စု ၊ လေးတိုင်စင်ကျေးရွာအုပ်စုရှိ ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူ (၁၆၀၀၀) ကျော်၏  ကျန်းမာရေးကို လွှမ်းခြုံ နိုင်မည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီး ဌာနမှူးဒေါက်တာသန့်ဇော်မြင့် ထံမှ သိရသည်။

ဝင်းအိဇွန် (ပြန် /ဆက်)