ဇီးကုန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း    ဧပြီ  ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန် ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ယမန်နေ့က ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးသက်အောင်က ဒေသခံတောင်သူ များနှင့်တွေဆုံ၍ တောင်သူများအနေဖြင့် နွေစပါးလျာထားချက်ကို ပြည့်မီကျော်လွန်အောင်စိုက်ပျိုး ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကိုလည်း တိုးချဲ့ကြိုးစားဆောင်ရွက်စေရေးတို့ကို ဆွေးနွေးပြောကြားပြီး၊ ဌာနဆိုင်ရာ များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒေသခံ တောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌမှ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးရေရရှိရေးနှင့် မျိုးကောင်းမျိုးသန့် ရရှိရေးတို့ကိုဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)