ကယားပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် စတင်ဖြေဆို

လွိုင်ကော် ဧပြီ ၁

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို ယမန်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။

ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်း ပေးထားသူ (၇၈၀)ဦးအနက် ယနေ့အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ပေါင်း(၅၇၅)ဦးနှင့် ပျက်ကွက် (၂၀၅)ဦးအနက် မယ်စဲ့မြို့နယ်တွင် ကိုဗစ်လူနာ ဆေးရုံဖြေ(၂)ဦးဖြစ်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃.၇၂) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်
ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေခန်းတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
ပြည်နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်းသိရှိရသည်။

ကိုဇင်(လွိုင်ကော်)