မကွေး ဧပြီ ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ(၃၁)ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပလျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင်များနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး အားပေးစကား ပြောကြားကာ တာဝန်ရှိသူ များအား ကျောင်းသား၊ ကျောင်းသူများအားလုံး လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး အားလုံး အလေးအနက်ထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး စာစစ်ဌာနတွင် ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ(၃၁) ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနပေါင်း(၈၁)ခုတွင် စာရင်းသွင်းဦးရေ(၂၂၁၅၂)ဦးရှိပြီး၊ ဖြေဆိုသူပေါင်း(၁၉၃၇၆)ဦး ရှိကာ ပျက်ကွက်သူ(၂၇၇၆)ဦးရှိ၍ ၈၇.၄၇% ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း တိုင်းဒသကြီး ပညာရေးမှူးရုံးမှ သိရှိရပြီး၊ တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာများကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိပြီး၊ အရန်စာဖြေခန်းများ ထားရှိကာ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရန်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ကြောင်း သိရသည်။
မောင်ညီညာ