ကော့သောင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေးကော်မတီက မဖြစ်မနေလမ်းထွက်သွားလာနေကြသူများအား နှာခေါင်းစည်းတပ်ဆင်ကြရေး အသိပညာကမ်ပိန်းလှုပ်ရှားမှုတစ်ရပ် ယနေ့နံနက်ပိုင်းက လူသူအသွားအလာများပြားရာနေရာများ ဖြစ်သည့် ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးလမ်းဆုံနှင့် အဏ္ဏဝါရပ်ကွက်၊ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှလှုပ်ရှားဆောင်ရွက်လျှက်ရှိရာ မြို့နေပြည်သူ များ မဖြစ်မနေလမ်းထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရေး ဒေသန္တရအမိန့် ညွှန်ကြားချက်များထုတ်ပြန်ကာ ကျယ်ကျယ်ပြန့်ပြန့်အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစု နှာခေါင်းစည်းတပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူစက်ပြန့်ပွားမှုမဖြစ်ပေါ်ရေး ယခုကဲသို့ မြို့နယ် ကိုဗစ်-၁၉ရောထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်းမတပ်ဆင်ပါက ကျပ်ငွေ(၅၀၀၀)နှင့်ညီမျှသည့် နှာခေါင်းစည်းများ ဝယ်ယူစေသည့် ဒဏ်တပ်ရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကမ္ဘာတွင် ကူးစက်ဖြစ်ပွားမှုဖြစ်ပေါ်ခဲ့သည့် ရှစ်လတာကာလအတွင်း ကူးစက်ဖြစ်ပွားသူပေါင်း ၂၅ သန်းနှင့်သေဆုံးသူပေါင်း ၈ သိန်းခန့်ရှိနေပြီဖြစ်ပြီး ကူးစက်ခံရသူများလည်း နေ့စဉ်မြင့်တက်လျှက်ရှိကာ မြန်မာနိုင်ငံ၌ သြဂုတ်လ ၁၆ ရက်နေ့ကစ၍ ပြည်တွင်းကူးစက်ဖြစ်ပွားသူတစ်ဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြန်လည်တွေ့ရှိလာရပြီးနောက် ပိုးတွေ့လူနာများနှစ်ပတ်အတွင်း ၃၇၈ ဦးကျော်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)