လွိုင်ကော် ဧပြီ ၁
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ နေ့မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။
ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန (၄) ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေး ထားသူ (၇၈၀)ဦးအနက် ယမန်နေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ပေါင်း (၅၇၅) ဦးနှင့် ပျက်ကွက် (၂၀၅)ဦးအနက် မယ်စဲ့မြို့နယ်တွင် ကိုဗစ် လူနာ ဆေးရုံဖြေ(၂)ဦးဖြစ်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃.၇၂) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေခန်းတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဇင်(လွိုင်ကော်)