ဆိပ်ဖြူ ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နွေရာသီ ပန်းချီ သင်တန်းဖွင့်ပွဲကို ဧပြီ ၁ ရက်၊ နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့်၊ ပန်းချီပညာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်ဝန်းကျင် ဗဟုသုတများ လေ့လာမှတ်သားပြီး မိမိတို့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် ပန်းချီပညာ ကျွမ်းကျင်တတ်မြောက်လာစေရန် နွေရာသီပန်းချီသင်တန်းဖွင့် လှစ်သင်ကြားပေးရခြင်းဖြစ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့က ကျောင်းသား/ကျောင်းသူများအား လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး စကားများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က နွေရာသီပန်းချီသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့် ပန်းချီဘာသာရပ် များကို ရှင်းလင်းတင်ပြသည်။
နွေရာသီပန်းချီသင်တန်းကို အခြေခံပန်းချီပညာရပ်နှင့် အဆင့်မြင့် ပန်းချီပညာရပ်များ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ ပန်းချီပညာရပ် အရောင်ခွဲခြားနည်း၊ ကာလာအရောင်စပ်ခြင်း ပညာရပ်များ၊ ရေဆေး ပန်းချီ၊ ဆီဆေးပန်းချီပညာရပ်များကိုစာတွေ့လက်တွေ့သင်ကြားပေးခြင်း၊ ပတ်ဝန်းကျင် အောက်ဒိုး လက်တွေ့ရေးဆွဲခြင်းများ သင်ကြားသွားမည်ဖြစ်သည်။ အခြေခံ ပန်းချီသင်တန်းသို့ ကျောင်းသား/ကျောင်းသူ ၃၃ဦး၊ အဆင့်မြင့် ပန်းချီသင်တန်းတွင် ကျောင်းသား/ ကျောင်းသူ ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)