တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

တောင်ငူ ဧပြီ ၁

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ  ယနေ့နံနက်ပိုင်းက အခြေခံ ကွန်ပျူတာ နှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်​ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယဉာဏ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သင်တန်းမှ ဖွင့်လှစ်ပို့ချသည့် ပညာရပ်များကို ကြိုးစားသင်ယူကြစေလိုကြောင်း ထို့အပြင် ပြင်ပဗဟုသုတများ ရရှိနိုင်မည့် စာအုပ်စာပေများကို  ငယ်စဉ်ကပင် ဖတ်ရှုကြစေ လိုကြောင်း သို့မှသာ နောင်တစ်ချိန်အနာဂတ်တွင် တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်နိုင်မည့်  ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူး ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာခင်က သင်တန်းတတ်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းချိန်ကို နေ့စဉ်မပျက်မကွက် တတ်ရောက်ကြစေလိုကြောင်းနှင့် သင်တန်းမှပို့ချသည့် ပညာရပ် များကို  လိုက်နာ မှတ်သားကာ ပြန်လည်လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖွင့်လှစ်သည့် အခြေခံ ကွန်ပျူတာသင်တန်းကို  နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း ၊ အင်္ဂလိပ်စာ သင်တန်းကို နေ့စဉ် မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီခွဲ အချိန်အထိ လည်းကောင်း သင်ကြားမည် ဖြစ်သည်။  သင်တန်းကာလမှာ ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်မည် ဖြစ်ပြီး အစိုးရရုံးပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များမှအပ ကျန်ရက်များ၌ ​နေ့စဉ် ဖွင့်လှစ်သင်ကြား​​ပေးမည်ဖြစ်ကာ သင်တန်း တစ်ခုစီလျှင် သင်တန်းသား ၂၅ ဦးဖြင့်  တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

တောင်ငူခရိုင် ပြန်/ဆက်