ပုလော စက်တင်ဘာလ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းချခြင်းရှိ/မရှိကို သက်ဆိုင်ရာတာ၀န်ရှိသူများက ယမန်နေ့နံနက် (၈) နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကော်မတီမှ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးနှင့်၀န်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ၀န်ထမ်းများက မြို့မစျေး၊ ပျံကျစျေးနှင့် ရပ်ကွက်/ကျေးရွာများရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများထားရှိစေခြင်း၊ လိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်းများကို စားသောက်ဆိုင်ပိုင်ရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍လည်း ပုလောမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များကို အပတ်စဉ်ကွင်းဆင်း၍ အခါအား လျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပြန်/ဆက်)