ဘားအံ မတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)မြေနေရာအတွက် မြေယာလျော်ကြေးပေးအပ်သည့် အခမ်းအနားကို ယမန် နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)သည် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များမွေးထုတ်ပေးပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူများအား ခေတ်မှီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပေး ခြင်းဖြင့် တောင်သူဝင်ငွေတိုးပြီး လူနေမှုဘဝတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးရေးသိပ္ပံတည်တံ့ရေးအတွက် မြေယာ(၃၀ ဒသမ ၉၉)ဧကတွင် လယ်ယာ ၁၀ ဒသမ ၇၄ ဧက၊ ဥယျာဉ်ခြံမြေ ၈ ဒသမ ၄ ဧက၊ စုစုပေါင်း ၁၉ ဒသမ ၁၅ ဧကကို အသုံးပြုခဲ့သောကြောင့် ထိုမြေယာပိုင်ရှင်များအား နစ်နာကြေးအဖြစ် နိုင်ငံတော်မှ ပြန်လည်ပေးလျော်သည့်အပြင် ရပ်မိရပ်ဖ များဖြင့်လည်း မိမိပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လယ်ယာဥယျာဉ်ခြံမြေ ၁၉ ဒသမ ၁၅ ဧကအတွက် ထိခိုက်နစ်နာသူ မြေယာပိုင်ရှင် ၁၁ ဦးအား စုစုပေါင်းငွေကျပ် ၅၆၃၈၅၀၀၀ (ငါးရာ ခြောက်ဆယ့်သုံးသိန်း ရှစ်သောင်း ငါးထောင်)ကျပ်တိတိကို မြေယာလျော်ကြေးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးကကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်မြေယာ ပိုင်ရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြား ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)