ကန်ကြီးထောင့် စက်တင်ဘာ ၁
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာမှုရှိစေရေးအတွက် စစ်ဆေးမှုများကို ဩဂုတ် ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ပြည်သူများ နေအိမ်ပြင်ပထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ကြရန် အသိပညာပေးနှိုးဆော်မှုများကို ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလပြီးဆုံးသည့် ဩဂုတ် ၃၀ ရက်နေ့မှ စတင်ကာ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း မတပ်ဆင်သူများကို နှာခေါင်းစည်း ၃ ခုလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဝယ်ယူစေကာ ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရပ်ကွက်နှင့် ကျေးရွာများ အတွင်း အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သည့် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များမှ မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ ဈေးများနှင့် လမ်းဆုံ လမ်းဂွများတွင် ပြည်သူများ နေအိမ်ပြင်ပထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်မှုရှိ/မရှိတို့ကို နေ့စဉ် စစ်ဆေးကြပ်မတ်လျက်ရှိပြီး နှာခေါင်းစည်း မတပ်ဆင်သူများကို “ယခုဝယ် ယခုတပ်” စနစ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)