တောင်ငူ မတ် ၃၁
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ စာစစ်ဌာန ၉ ခုတွင် ယနေ့နံနက် ၉ နာရီအချိန်က တစ်ပြိုင်တည်းကျင်းပကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
တောင်ငူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄)၊ အ.ထ.က (၅)၊ အ.ထ.က (၆)၊ အ.ထ.က (ကေတု)၊ အ.ထ.က (နတ်စင်ကုန်း) နှင့် အ.ထ.က (လေးမိုင်) တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းမှုအရ ကျောင်းတွင်းနှင့် ကျောင်းပြင်ပမှ ကျောင်းသား ကျောင်းသူ ၂၁၆၇ ဦးရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပရက် မြန်မာစာဘာသာရပ် ပထမနေ့တွင် ၁၉၅၉ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တောင်ငူခရိုင်အတွင်း တောင်ငူ ၊ အုတ်တွင်း ၊ ဖြူး ၊ ရေတာရှည်၊ ထန်းတပင်နှင့် ကျောက်ကြီးမြို့နယ်များရှိ စာစစ်ဌာနပေါင်း ၃၂ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၇၄၁၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကာ ဖြေဆိုမှုရာခိုင်နှုန်းအရ ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် စာစစ်ဌာနအသီးသီးမှ ကြီးကြပ်ရေးမှူးများ၊ ကျောင်းတာဝန်ခံများ၊ တာဝန်ကျ ဆရာ ဆရာမများနှင့် လုံခြုံရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ခရိုင် (ပြန်/ဆက်)