ပင်လည်ဘူး စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်း များနှင့် မှုခင်းလျော့နည်းကျဆင်းရေး လှည့်ကင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်အားကစားခန်းမရှေ့၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း အင်ကုန်းတံထားထိပ်နှင့် လမ်းဆုံလမ်းခွ များတွင် ဆိုင်ကယ်စီးနင်းကြသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုများကို မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး မျိုးတင့် ဦးဆောင်ပြီး တပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ဆိုင်ကယ်စီးလျင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်ရန်၊ မေးသိုင်းကြိုးတပ်ဆင်ပြီး မောင်းနှင်ကြရန်၊ ဘက်မှန်နှင့် နံပါတ်ပြားများ တပ်ဆင်ရန်၊ ဆိုင်ကယ်စီးနင်းပါက လူ ၂ ဦးထက်ပိုပြီး စီးနင်းမောင်းနှင်ခြင်းမပြုကြရန်၊ သတ်မှတ် အရှိန်နှုန်းထက်ပိုပြီး မောင်းနှင်ခြင်းမပြုကြရန်၊ ဆိုင်ကယ်ကို ဆူညံအိပ်ဇောများ တပ်ဆင်မောင်းနှင်ခြင်းမပြုကြရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာကြရန် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဆိုင်ရာများအား ဟောပြော ဆောင်ရွက်မှုများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြ ကြောင်း၊ မြို့ပေါ်ရပ်ကွက်အတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာ လှည့်ကင်း ဆောင်ရွက်မှုများလည်း တိုးမြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ ရဲမှူးမျိုးတင်ထံမှသိရသည်။
မျိုးလွင်(ပင်လည်ဘူး)