ပခုက္ကူမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

ပခုက္ကူ မတ် ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က “သင်တန်းကျောင်းက ပို့ချသင်ကြား ပေးသည့် အဆင့်မြင့်စက်ချုပ်နည်း ပညာရပ်များနှင့် အခြားအတတ်ပညာများ ပေါင်းစပ်ကာ ကိုယ်ပိုင်ဝင်ငွေရရှိရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းတစ်ခု ဖန်တီး တည်ဆောက်ကြရန်၊ ထိုပညာများကိုလည်း မိမိနှင့်မိမိပတ်ဝန်းကျင်အတွက် အကျိုးပြု ဖြစ်ထွန်းမည့် လုပ်ငန်းတစ်ခုဖြစ်ရန်၊ နည်းပညာထွန်းကား ကျယ်ပြန့်လာသည့်နှင့်အမျှ ခေတ်နှင့်အညီ အဝတ်အထည်ဒီဇိုင်းပုံဖော် ဖန်တီးတတ်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ဖွင့်လှစ်သင်ကြား ပြီးစီးသည့် သင်တန်းအမျိုးအမည်နှင့် အရေအတွက်များ၊ ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည့် သင်တန်းများအကြောင်း၊ ကိုယ်ပိုင်အသက်မွေးကျောင်း အထောက်အကူပြု လုပ်ငန်းတစ်ခု တည်ဆောက် လုပ်ကိုင်နေကြသည့် သင်တန်းဆင်းများ အခြေအနေ တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက အဆင့်မြင့်စက်ချုပ် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် မအေးသန္တာအောင် အား စက်ချုပ်စက်တစ်လုံး ပေးအပ်ချီးမြင့်ခြင်း၊ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ကြပြီး သင်တန်းသူများ ကိုယ်တိုင်ပုံဖော် ဖန်တီးရက်လုပ်ထားသည့် အဝတ်အထည်များနှင့် အခြားလူသုံးကုန် ပစ္စည်းဒီဇိုင်းမျိုးစုံ ခင်းကျင်းပြသမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ သင်တန်းကာလ(၁၈)လကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြား ပို့ချပေးခြင်းဖြစ်ပြီး ပခုက္ကူ၊ ပေါက်၊ ချောက်မြို့နယ်များနှင့် ကမ္မမြို့တို့မှ သင်တန်းသူ(၅၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)