ဘောလခဲမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံငွေများပေးအပ်

ဘောလခဲ စက်တင်ဘာ ၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံခြင်း၊ ကိုယ်ဝန် ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် အသက်(၈၅)နှစ် အထက် ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နိုင်ငံတော်မှ တစ်လ(၁၀၀၀၀) ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံပေးသည့် သက်ကြီးပင်စင် ကျပ်(၃၀၀၀၀)ကို ပေးအပ်မည် ဖြစ်ပါကြောင်း၊ ဘောလခဲမြို့နယ်အတွင်း သက်ကြီးဘိုးဘွား(၂၆) ဦးအတွက် ထောက်ပံငွေကျပ် (၀.၇၈) ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) အောက် ကလေးငယ်များအား တတိယသုံးလပတ (ဧပြီ၊မေ၊ဇွန်)လနှင့် စတုတ္ထသုံးလပတ် (ဇူလိုင်၊သြဂုတ်၊ စက်တင်ဘာ) လများ အတွက် နှစ်ကြိမ်ပေါင်း ထောက်ပံပေးမည် ဖြစ်ကြောင်း၊ ဘောလခဲ မြို့နယ် တွင် တတိယသုံးလပတ် မိခင်(၂၂၂) ဦး၊ ကလေး(၂၀၇)ဦး ထောက်ပံငွေ ကျပ်(၁၉.၃၆၅) သန်း၊ စတုတ္ထသုံးလပတ်တွင် မိခင်(၂၀၈)ဦး၊ကလေး(၂၇၅)ဦးအတွက် ထောက်ပံငွေကျပ် (၂၁.၇၃၅)သန်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ် ရေးမှူး တို့က သက်ကြီးဘိုးဘွားများ၊ မိခင်နှင့် ၎င်းတို့ ကလေးငယ်များ အတွက် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖိုးရယ်