မော်လမြိုင်ကျွန်း စက်တင်ဘာ ၁
မော်လမြိုင်ကျွန်းမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက်နိုင်တော့မည် စော်ကဲ မြစ်ကူး တံတားသစ်တစ်စင်း ဆောက်လုပ်လျက်ရှိသည်မှာ ယနေ့အချိန်တွင် ၉၆ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။
အဆိုပါတံတားကို ၂ဝ၁၇ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့ မှစတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၂) မှတာဝန်ယူ ဆောက်လုပ်လျက်ရှိသည့် စော်ကဲတံတားသည် လမ်းအမှတ်(၁၀) ဘိုကလေး- မော်လမြိုင်ကျွန်း -ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်း မိုင်တိုင်အမှတ်(၁၇/၀) ၌ စော်ကဲတံတား တည်ဆောက်ရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားသံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများ အလုံးစုံပြီးစီးသွားပြီ ဖြစ်သောကြောင့် တံတားတစ်စင်းလုံး တည်ဆောက်နေမှု ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
တံတား၏ အရှည်မှာ ၇၅၀ မီတာရှိပြီး အကျယ်မှာ ၉ ဒသမ ၅ မီတာရှိကာ နှစ်လမ်းသွားတံတားဖြစ်သည်။ ပင်မတံတား၏ အပေါ်ထည်မှာ မီတာ ၉၀ အရှည်ရှိသည့် သံမဏိသံပေါင် ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတား အောက်ထည်နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ ချဉ်းကပ် တံတားများအား မီတာ ၃၀ အရှည်ရှိသည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မများဖြင့် တည်ဆောက် ထားကြောင်း သိရသည်။
တံတားအုတ်မြစ် ရေလယ်တိုင်များအား ၁ ဒသမ ၅ မီတာအချင်းရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်နှင့် ကုန်းပေါ်တိုင် များအား ၁ ဒသမ ၂ မီတာ အချင်းရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် အသုံးပြု တည်ဆောက်ထားပြီ သံမဏိသံပေါင် မီတာ ၉၀ ရှိသော တံတားခန်း ဖွင့်သုံးခန်းပါရှိကာ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့် တံတားခန်းဖွင့် ၁၆ ခန်းပါရှိကြောင်း၊ လူသွားလမ်း အကျယ် တစ်ဖက်လျှင် တစ်မီတာစီပါဝင်ပြီး ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ ရှိကာ အကျယ် ပေ ၂၄၀ ရှိ၍ တံတား ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
ယခုအခါ စော်ကဲတံတား၏ ပင်မတံတား သံပေါင် မီတာ ၉၀ ခန်းဖွင့်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပြီဖြစ်၍ ဆေးသုတ်ရန်နှင့် အချောသတ်လုပ်ငန်းများအား စက်တင်ဘာလကုန်ပိုင်းတွင် အချိန်မီ တည်ဆောင်ရွက် ပြီးစီးရေးအတွက် ကျွမ်းကျင် အင်ဂျင်နီယာများနှင့် ကာယဉာဏ လုပ်သားများက နေ့ရောညပါ တည်ဆောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
တည်ဆောက်ပြီးစီးပါက စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေထွက်ကုန ပစ္စည်းလုပ်ကိုင် နေကြသော ဘိုကလေး မြို့နယ်နှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့ရှိ ဒေသခံပြည်သူများ အနေဖြင့် ခရိုင်မြို့ဖြစ်သည့် လပွတ္တာမြို့ အပါအဝင် ဧရာဝတီတိုင်း ဒေသကြီး မြို့တော်ဖြစ်သည့် ပုသိမ်မြို့သို့ သွားရောက်ရန် မိုင် ၇၀ ခန့်၊ အချိန် အားဖြင့် ၂ နာရီခန့်အတွင်း သက်သာ လွယ်ကူစွာ၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)