မြဝတီမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မြဝတီ မတ် ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုတင့်က နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်မှုနောက်ကျနေသည့် ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်နိုင်ရန်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းသူများအား သင်တန်းတွင် သင်ကြားပေးသည့် အိမ်တွင်းမှုသက်မွေးပညာရပ်များကို တန်ဖိုးထားပြီး ခေတ်နှင့်လျော်ညီသည့်  ပညာရပ်များကို ဆက်လက်လေ့လာ တီထွင်ဖန်တီးကာ မိမိတို့ဘဝအတွက် အသက်မွေးဝမ်းကျောင်းအဖြစ် ဆောင်ရွက် သွားကြရန်တို့ကို  အဖွင့်အမှာစကားပြောကြားခဲ့ရာ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက သင်တန်းဆိုင်ရာကိစ္စများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍   အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းတွင် ဆုရရှိသည့် ကျောင်းသူများကို ဆုအသီးသီးချီးမြှင့်ပေးခဲ့ရာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက သင်တန်းဆင်း အောင်လက်မှတ် များ ဆက်လက်ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းဆင်သူများ၏ အဝတ်အထည် လက်မှုလက်ရာများ ခင်းကျင်းပြသထားမှုကို  အခမ်းအနားသို့ တက်ရောက်လာကြသည့်  ခရိုင်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)