ငပုတော မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှ စ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှစ၍ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ယနေ့တွင် ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆို မီ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုပြီး ဆရာ၊ ဆရာမများအား လိုအပ်သည်များ ကြားခဲ့ ကြောင်း တာဝန်ခံ ဆရာမကြီး ဒေါ်မိုးမိုးအေးထံမှ သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန(၁၄)ခု ဆောင်ရွက်ထားရှိပြီး ကျောင်းတွင်း စာဖြေသူ (၁၈၀၈)ဦးနှင့် ကျောင်းပြင်ပစာဖြေသူ (၅၆၇)ဦး စုစုပေါင်း စာဖြေသူဦးရေ (၂၃၇၅)ဦး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုနေလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နုနုအေး(ပြန်/ဆက်)