အမာ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြသည်။
ရှေးဦးစွာ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာဖေမြင့် ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်အား Book Club အသင်းအဖွဲ့ဝင် ဒေါ်မြင့်မြင့်စန်းက ဦးဆောင် ဖတ်ကြားဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက တစ်ဦးချင်းအလိုက် မိမိတို့၏အမြင်များဖြင့် ပြန်လည်ဆွေးနွေးကြရာ အဆိုပါ စာအုပ်သည် သဘာဝကျောက်ရိုင်း တစ်လုံးကဲ့သို့ အခြေခံတန်ဖိုးကြီးစွာ မွေးဖွားလာခဲ့သည့် လူသားတစ်ဦးအနေနှင့် မိမိဘဝကို မည်သို့အမြင့်မား အပြောင်မြောက်ဆုံး တည်ဆောက်နိုင်သည့် အကြောင်းများနှင့်ပတ်သက်၍ အသီးသီး အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
နော်လေး(အမာ)