ချောက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှကိုယ်၀န်ဆောင်များ ငွေကြေးထောက်ပံ့မှု များကို ငွေဗိုက်အစီအစဉ်ဖြင့် မှတ်ပုံတင်လျှောက်ထားနိုင်စေရန် ရပ်ကွက်များ အတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပေး နှိုးဆော်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့နှိုးဆော်ရာတွင် ချောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အက်ပလီကေးရှင်းတွင် ကိုယ်ဝန်ဆောင်မိခင် ထည့်သွင်းထားသည့် အချက်အလက်များနှင့်အညီ မိုဘိုင်းဖုန်းမှတစ်ဆင့် လွှဲအပ် ထောက်ပံ့ပေး သွားမည်ဖြစ်သဖြင့် ကိုယ်ဝန်ဆောင်မိခင်၏ အချက်အလက်များ၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ဆေးရုံ တွင်ပြသထားသော ဆေးမှတ်တမ်းစာအုပ်၊ နောက်ဆုံးပြသ ထားသော စာမျက်နှာများ ငွေလွှဲမည့် စနစ်နှင့် အသုံးပြုမည့် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်း၍ မိုဘိုင်းဖုန်းမှတဆင့် မှတ်ပုံတင် လျှောက်ထား နိုင်ကြောင်းကို အများပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ချောက်မူလတန်းကြို ကျောင်းအုပ် ဆရာမကြီးနှင့်၀န်ထမ်းများက ရပ်ကွက်အတွင်းသို့ လှည့်လည်၍ Hand Speaker ဖြင့် အသိပေး နှိုးဆော်ပေးခြင်း ဖြစ်ကြောင်း ချောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ တာ၀န်ရှိသူထံမှ သိရသည်။
နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ကာလအတွင်း ငွေဗိုက်အစီအစဉ်ဖြင့် ငွေကြေး ထောက်ပံ့မှုများ လျှောက်ထားခြင်းကို စက်တင်ဘာလ(၁၅)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ပြီး ချောက်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ဩဂုတ်လ(၃၁)ရက်နေ့အထိ ကိုယ်၀န်ဆောင် မိခင်(၁၁၅)ဦးတို့အား မိုဘိုင်းဖုန်းမှတဆင့် မှတ်ပုံတင်လျှောက်ထားခြင်းများ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ယင်းဌာနမှ၀န်ထမ်းများက နေ့စဉ်မိုဘိုင်းဖုန်းဖြင့် ကိုယ်၀န် ဆောင်များ ငွေကြေးထောက်ပံ့မှုများကို ငွေဗိုက် အစီအစဉ်ဖြင့်မှတ်ပုံတင်လျှောက်ထား ပေးလျက်ရှိကြောင်းသိရသည်။
မချို(ပြန်/ဆက်)