ဒေးဒရဲမြို့၌ မှတ်ပုံတင်အစား ထောက်ခံစာပြသအစစ်ဆေးခံခြင်း ခွင့်မပြုတော့ကြောင်း အသိပညာပေးဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်

ဒေးဒရဲ မတ် ၃၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ခရီးသွားလာ တည်းခိုနေထိုင်ရာတွင် မှတ်ပုံတင်အစား ထောက်ခံစာပြသအစစ်ဆေးခံခြင်း ခွင့်မပြုတော့ကြောင်း မိဘပြည်သူများသို့ ကြိုတင်အသိပေး ပန်ကြားချက်၊ အသိပေးကြေညာခြင်းဆိုင်းဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၉ နာရီခွဲက ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ်နှင့် လက်ကမ်းစာစောင်တွင် အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ခြင်း၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို ၂၀၂၁ ခုနှစ် မေလမှစ၍ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသ ဆောင်ရွက်ရာတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)ကို လာမည့်ဧပြီ ၁ ရက်နေ့မှ စတင်ပြသ စစ်ဆေးခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းသည် တည်ဆဲဥပဒေအရ ပြစ်မှုမြောက်ကြောင်း စသည့် အသိပညာပေး အကြောင်းအရာများ ပါရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဒေးဒရဲတံတား စစ်ရေးဂိတ်များတွင် မိဘပြည်သူများသို့ အသိပေးပန်ကြားချက်၊ အသိပေးကြေညာခြင်း၊ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများအား မိဘပြည်သူများသို့ အသိပေးကြေညာခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)