ပခုက္ကူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  စက်တင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအခြေအနေတို့အား တာဝန်ရှိသူများက ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးကြသည်။

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန့်ဇင်ထွန်း နှင့်အဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း (၁၀၀) စီဖြင့် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာ အုပ်စု၊ မှိုက်ပင်ကုန်းနှင့် မကျီးသုံးပင်အုပ်စု၊ သစ်ပုလွေ ကုန်းကျေးရွာတို့၌ အရှည် ၆၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၆ လက်မ ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ မကျီးပင်ပုအုပ်စု၊ မကျီးပင်ပုကျေးရွာ၌ အရှည် ၁၀၀၀ပေ၊ အကျယ် ၃ပေ၊ ထုထည် ၆လက်မရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း၊ ဖောင်းကွဲအုပ်စု၊ မကျီးတန်းကျေးရွာ၌ အရှည် ၃၀၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၉လက်မရှိသည့် ကျေးရွာတွင်းမြေနီ ကျောက်စရစ် ခင်းခြင်း စသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှုအခြေအနေ တို့အား ကွင်းဆင်းစစ်ဆေးကြရာ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး  ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခပေးချေမှုစနစ် ဖြင့် မြို့နယ်အတွင်း ကျေးရွာ(၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး ကျေးရွာခြောက်ရွာတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရ သည်။

ဆလိုင်းကိုကီး