မြောင်းမြ၌ မြစ်ချောင်းများ ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မြောင်းမြ       စက်တင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ဆန်စက်များမှ စပါးခွံများကို မြစ်အတွင်း စွန့်ပစ်မှုများ ရှိနေသည့်အတွက် မြစ်ချောင်းများ ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် တာဝန်ရှိသူများက ယမန်နေ့နေ့လယ်က ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုကို မြောင်းမြခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ရပ်ကွက်တာဝန်ရှိသူများက မြောင်းမြမြို့နယ် ကွယ်လွယ် ကျေးရွာရှိ ဆန်စက်တစ်ခုက စွန့်ပစ် ရေဆိုးမြောင်းနှင့်ရေပိုက်မှ စပါးခွံများ မြစ်အတွင်း စွန့်ပစ်မှုကို ကြည့်ရှုစစ်ဆေး တားမြစ်ခဲ့ပြီး မြစ်ချောင်းများ သဘာဝဂေဟစနစ် မပျက်သုဉ်းရေးအတွက် တိုင်းဒေသကြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်း ဒေသထွက် ဆန်စပါးကြိတ်ခွဲရန် မှတ်ပုံတင် ထားရှိပြီးသော ဆန်စက်အကြီး ၆၅ လုံးရှိကြောင်း မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးမှ တာဝန်ရှိသူပြောကြာချက်အရ သိရပြီး မြစ်ချောင်းများအတွင်း စပါးခွံများ၊ Bio GAS စွန့်ပစ်ပစ္စည်းများ၊ စက်ဖွဲပြာများ စွန့်ပစ်မှုမပြုလုပ်ရန် အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)