ပွင့်ဖြူ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေး လုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကြက်မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကေဇင်ဝင်းအောင်က ယခု ဖွင့်လှစ်သည့် ကြက်မွေးမြူရေးသင်တန်းသည် ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကာလ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်မှုအပေါ် ပြေလျော့သက်သာစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တက်ရောက် လာသည့် သင်တန်းသားများ အနေဖြင့် ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူကြရန် ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မင်းမြေကျေးရွာ ရပ်မိရပ်ဖ ဦးစိုးတင့်က ကျေးလက်နေပြည်သူများ ဝင်ငွေရရှိရေးအတွက် ကြက်မွေးမြူရေး သင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးရွာပေါင်း(၁၉)ရွာမှ ဒေသခံ တောင်သူ သင်တန်းသား ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းတွင် တိုင်းရင်းကြက်မွေးမြူခြင်း နည်းစနစ် များ ၊ မျိုးကြက်များရွေးချယ်ခြင်း နည်းစနစ်များ ၊ တိုင်ရင်းကြက်မွေးမြူရေးဆိုင်ရာ အာဟာရဗေဒ သိမှတ်ဖွယ်ရာများ အကြောင်း နှင့် စီမံအုပ်ချုပ်မှု ပုံစံများ၊ ကြက်ငယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း နည်းစနစ်များ ၊ ကြက်ရောဂါနှင့် ပက်သက်ပြီး ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများ ၊ ဇီဝလုံခြုံမှုနည်းစနစ်များ အကြောင်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )