ကြံခင်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာမှုမရှိသူများအား ယမန်နေ့က မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကြံခင်းမြို့နယ်အတွင်း နေရာများတွင် အဖွဲ့များခွဲပြီး ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ပြည်သူများသိရှိစေရန် ဩဂုတ်လ(၂၇)ရက်နေ့မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ ကြံခင်းမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း၊ Mask Campaign များ ပြုလုပ်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းကာ အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ထားမှုအပေါ် ပြည်သူများလိုက်နာခြင်း ရှိ/မရှိအား စစ်ဆေးခြင်းဖြစ်ပြီး နေအိမ်ပြင်ပသို့ ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်ရန်၊ လိုက်နာမှု မရှိသူများအား “ယခုဝယ် ယခုတပ်” ဒဏ်ကြေးစနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်မှာဖြစ်ကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေ့စဉ်စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်တီအဖွဲ့ဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်းကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)