ရွှေဘိုမြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (CERP) အစီအစဉ်ဖြင့် သိန်းပေါင်း (၂၄၈၃) သိန်းကျော် ထောက်ပံ့ငွေများ ပေးအပ်

ရွှေဘို စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် သိန်းပေါင်း(၂၄၈၃)ကျော် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေ မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုမြို့နယ် တောင်သူ လယ်သမား ကိုယ်စားလှယ် ဦးခင်မောင်ရွှေက အခုလို တောင်သူများ၏ အခက်အခဲ အကျပ်အတည်း များကို နိုင်ငံတော်ကနေ ထောက်ပံ့ပေးမှုအပေါ် တောင်သူများအနေဖြင့် ထိရောက်စွာ အသုံးပြုသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိ သူများက မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ပြီး အောင်ချမ်းသာကျေး ရွာနေ  မျိုးစေ့ထုတ်တောင်သူ ဦးသက်နိုင် မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နစ်နာမှုများ ရှိသည့်အပေါ် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) ဖြင့် လယ်ယာကဏ္ဍ၏ မျိုးစေ့ ထုတ်လုပ်မှုတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ စပါး မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ပွားများ ထုတ်လုပ်နိုင်ပြီး တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့် ဖူလုံစွာ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ အရည်သွေးကောင်း ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း)စပါးမျိုး မျိုးသန့်ပွားများထုတ်လုပ်သူ တောင်သူပေါင်း(၄၈၄)ဦး၏ စိုက်ဧက(၁၆၅၀) အတွက် (CERP) အစီအစဉ်ဖြင့် နိုင်ငံတော်မှ တစ်ဧကလျှင် တစ်သိန်းငါးသောင်းငါရာ ကျပ်နှုန်းဖြင့် သိန်းပေါင်း (၂၄၈၃) သိန်းကျော် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက ပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)