လှိုင်းဘွဲ မတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး၊ နယ်မြေမီးသတ်စခန်းများမှ တာဝန်ခံဦးစီးမှူးများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေနှင့် တပ်ဖွဲ့ဝင်များက စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေအသင့်ထားရှိမှု ဆောင်ရွက်ချက်အခြေအနေများနှင့် စာစစ်ဌာနရှိသည့် နေရာအနီး ဝန်းကျင်ရှိ ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ထားမှု လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပရန်အတွက် အထက(လှိုင်းဘွဲ)၊ အထက (ရွှေဂွန်း)၊ အထက(မြိုင်ကြီးငူ)၊ အထက (ပိုင်ကျုံ)၊ အထက(ထီလုံ)၊ အထက(ဒေါ်လန်း)တို့တွင် စာစစ်ဌာနများအဖြင့် စီစဉ်ထားရှိပြီး စာမေးပွဲဖြေဆိုကြရမည့် ကာလများအတွင်း မီးဘေးအန္တရာယ်နှင့် မီးလောင်၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်စခန်းနှင့် နယ်မြေမီးသတ် စခန်းများမှ တာဝန်ခံများ၊ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာများအတွင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)