ဟင်္သာတ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်အတွင်းရှိ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဇလွန်မြို့နယ်များမှ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများက မဲဆန္ဒရှင်စာရင်းများ ပြုစုထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဟင်္သာတခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ ပြုစုထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ထပ်ဆင့်ဖြည့်စွက်တင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်း ရေးမှူး ဦးသန်းဆွေဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများ ဖြည့်သွင်းနေမှု၊ တာငါးဆယ်တောင်ရပ်ကွက်၊ တာငါးဆယ်မြောက်ရပ်ကွက်တို့တွင် မဲစာရင်းများ ကြေညာထားရှိမှုကိုလည်းကောင်း၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော်တန်ဆောင်းတွင် မဲရုံပြင်ဆင် ထားရှိမှုနှင့် နတ်မော်ကျေးရွာအုပ်စုတွင် တစ်အိမ် တက်ဆင်း မဲစာရင်း မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)