လှိုင်းဘွဲ-ဘားအံကားလမ်းပေါ်ရှိ ပန်းအလှပင်နှင့်စားသုံးပင် ပျိုးဥယျာဉ်အရောင်းဆိုင်များ ပုံမှန်လည်ပတ် ရောင်းချနေရ

လှိုင်းဘွဲ မတ် ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ လှိုင်းဘွဲ-ဘားအံကားလမ်းမနံဘေးတွင် တည်ရှိသော နောင်သငဲ့ကျေးရွာ၌ သစ်ခွပန်း၊ ရောင်စုံစက္ကူပန်း၊ ကျောက်ခက်၊ ထင်းရှူးပုနှင့် အုန်းချိုမွှေး၊ ဒူးရင်း၊ ဂွေးချို၊ ဇီးချိုသီး၊ ဒူရင်းသီးစသည့်ပျိုးပင်များ၊ ပန်းအလှပျိုးပင်များကို ရောင်းချနေသည့် ပျိုးဥယျာဉ်အရောင်းဆိုင်မှ ပျိုးပင်များ နေ့စဉ်ရောင်းချနေမှု ပုံမှန်ရှိနေကြောင်း သိရသည်။

ပန်းပျိုးပင်အချို့နှင့် စားသုံးအသီးပင်များဖြစ်သည့် အုန်းချိုမွှေး၊ ဇီးချိုသီး၊ ဂွေးချိုသီးပျိုးပင်များကို လာရောက်ဝယ်ယူသူ အမျိုးသမီးငယ်တစ်ဦးက “ညီမတို့က အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သွားလုပ်ခဲ့ကြဖူးပါတယ်၊ အလုပ်ရှင်တွေရဲ့အိမ်မှာ ဒီပျိုးဥယျာဉ်ထဲက ပန်းအလှပင်တွေနဲ့ သီးပင်စားပင်လေးတွေ စိုက်ထားကြတာတွေ့ရတော့ တကယ်စိတ်ချမ်းသာမိပါတယ်၊ ညီမတို့ရွာက အိမ်ခြံဝန်းတွေက များသောအားဖြင့် ကျယ်ဝန်းပါတယ်၊ တဖြေးဖြေးနဲ့ ကိုယ့်ရဲ့အိမ်နဲ့ခြံဝန်းလေးကို လှပစိုပြေစိမ်းလန်းလာအောင် အခုပျိုးပင်တွေကို တတ်နိုင်သလောက်လေး ဒီဆိုင်မှာမကြာခဏဝယ်ပြီး ကိုယ့်ခြံမှာပြန်စိုက်နေပါတယ်၊ ဘယ်သူမဆိုကတော့ ကိုယ့်ရဲ့အိမ်နဲ့ခြံကိုလှပပြီးနေချင်စဖွယ်ဖြစ်လိုကြမှာပါပဲ၊ သူများအိမ်တွေလှနေတာကို ငေးကြည့်အားကျ နေလို့တော့မရဘူးလေ၊ ကိုယ်တိုင်ငွေအား၊ လူအား၊ လုပ်အားအပြင် ကိုယ်စိုက်ပျိုးထားတဲ့ အပင်တွေကို အမြဲဂရုစိုက်ပြီးတော့ ပြုစုပျိုးထောင်ဖို့လိုပါတယ်” ဟု ပြောသည်။

အဆိုပါပျိုးဥယျာဉ်အရောင်းဆိုင်တွင် အလှပင်နှင့်သီးစားပျိုးပင်များ၏စျေးနှုန်းမှာ မြန်မာငွေကျပ် ၅၀၀၀ မှ ၂၅၀၀ ကျပ်အထိရှိကြောင်း၊ ဝယ်ယူသူများမှာ ၎င်းတို့၏ အိမ်ခြံမြေအလိုက် အနည်းနှင့်အများ ဝယ်ယူစိုက်ပျိုးရန် ပုံမှန်လာရောက်ဝယ်ယူလေ့ရှိပြီး ပျိုးပင်များကို ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် မှာယူမှု ရှိသကဲ့သို့ မွန်ပြည်နယ်၊ မုဒုံစိုက်ပျိုးရေးဥယာဉ်ခြံများမှတစ်ဆင့် မှာယူရောင်းချပေးလျက်ရှိကြောင်း ပျိုးပင်များကူညီရောင်းချပေးလျက်ရှိသူက ရှင်းပြသည်။

လင်းသန့်(ပြန်/ဆက်)