ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု (၂၁) ရက်ပြည့်ကာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သည့် သင်္ဘောသားများရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ

ကော့သောင်း စက်တင်ဘာ ၁

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု (၂၁) ရက်ပြည့်ကာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သည့် သင်္ဘောသားတစ်ချို့ ကော့သောင်းခရိုင်၊ ကျန်းမာရေးဌာန၏ ထောက်ခံချက်များဖြင့် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

ပြန်လည်ထွက်ခွာသွားခဲ့သည့်သင်္ဘောသားများမှာ လွန်ခဲ့သည့်ရက်ပိုင်းများအတွင်းက ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ခဲ့ကြသည့် MV-TAIYUAN သင်္ဘောမှ သင်္ဘောသား (၁၃) ဦး၊ MT-RIGEL သင်္ဘောမှသင်္ဘောသား (၁၃) ဦးနှင့် MT-RABIGH SUN သင်္ဘောမှသင်္ဘောသား (၉) ဦး စုစုပေါင်းသင်္ဘောသား (၃၅) ဦးအား တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ ကော့သောင်းမြို့တွင် Hotel Quarantine ထားရှိကာ ၎င်းတို့၏ Swb Test များအား အမျိုးသားဓာတ်ခွဲဌာန၏ စစ်ဆေးချက်အရ ရောဂါပိုးကင်းစင်ပြီး Hotel Quarantine (၂၁) ရက်ပြည့်ခဲ့ကြသဖြင့်  မိမိတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရန် ရန်ကုန်မြို့သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)