တန့်ဆည် စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မြရပ်ကွက်၊ မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ထမ်းများက အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန် အဆုပ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ စသည့် (၅)မျိုးစပ်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ၎င်းကာကွယ်ဆေးများမှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါများကို ကာကွယ်ပေးကြောင်းသိရသည်။
ထိုသို့ ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်ပေးခြင်းကို အသက်အရွယ်ပိုင်းခြားအလိုက် (၁)လခြား ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြိုပေါ်ရပ်ကွက်များသာမက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့လည်း စုရပ်နေရာသတ်မှတ်၍ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)