ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားဆိုင်ရာလှုပ်ရှားမှုပြိုင်ပွဲများ ပြုလုပ် 

ဘားအံ မတ် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမတွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်စိုးစိုးက စာဖတ်ခြင်းဖြင့် အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ စာဖတ်ခြင်းကို အလေ့အထမှ အလေ့အကျင့်ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ရမှာဖြစ်ကြောင်းစသည့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေး ပြောကြားပြီး၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အားကစားဆိုင်ရာလှုပ်ရှားမှုပြိုင်ပွဲများဖြစ်သည့် ဘောလုံးမှုတ်ပြိုင်ပွဲ၊ ကတ္ထူပြားဖြင့် ဘောလုံးသယ်ပြိုင်ပွဲ၊ ဘောလုံးဇွန်းကိုက်သယ်ပြိုင်ပွဲ၊ သားရေကွင်းသယ်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၄၅)ဦး တို့က ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)