ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်များတွင်” မိဘပြည်သူများသို့အသိပေးပန်ကြားချက်”ဆိုင်းဘုတ် စိုက်ထူ

ထားဝယ် မတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံသား (မှတ်ပုံတင်) ကိုင်ဆောင်သင့် သည့် ကတ်တစ် မျိုးမျိုးအား ပြသစစ်ဆေးခံနိုင်ရေး နှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး "မိဘ ပြည်သူများသို့ အသိပေးပန်ကြား ချက်ဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့အဝင်စစ်ဆေးရေး ဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံး က စိုက်ထူပေးခဲ့ကြောင်းသိရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ထားဝယ်မြို့နယ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဖေနှင့် ဝန်ထမ်းများက ခရီးသွားလာပြည်သူများနှင့် အများပြည်သူများ မြင်သာ နိုင်သည့် ထားဝယ်မြို့အဝင် ပေါက်တိုင်း တံတား၊ ဗျောတောဝရပ်ကွက်၊ အိမ်ရှေ့ပြင် ရပ်ကွက်စသည့် စစ်ဆေးရေးဂိတ်များတွင်  "မိဘပြည်သူများသို့ အသိပေးပန်ကြားချက်ဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့ သည်။

အသိပေးပန်ကြားချက်ဆိုင်းဘုတ်တွင် မြို့နယ်ပြင်ပသို့ထွက်ခွာသည့်အခါ(လဝက)မှ ထုတ်ပေးသော နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ အမျိုးသားမှတ်ပုံတင်ကတ်(သုံးခေါက်ချိုး)တို့ကို ခရီးသွားတိုင်း ယူဆောင်သွားကြပါ၊  မှတ်ပုံတင်ရှိ/မရှိ စစ်ဆေးနေခြင်းသာဖြစ်ပါသည်၊ တာဝန်ရှိသူများမှယာဉ်ပေါ်တွင် လာရောက်စစ်ဆေးပါက မှတ်ပုံတင်များကို မြင်သာအောင် ထောင်ပြပြီးကူညီကြပါ၊ မှတ်ပုံတင်မပါရှိပါက မိမိနေရပ်ကို ပြန်လည်ရောက်ရှိသည့်အခါ လျှောက်ထားနိုင်ရေးအတွက် ကူညီနိုင်ရန် အမည်၊ နေရပ် လိပ်စာ၊ ကိုယ်ရေးအချက်အလက်အမှန်ပေးကြပါ စသည်တို့ပါဝင်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)