မြင်းမူ စက်တင်ဘာ ၁
COVID-19 ကာလအတွင်း စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် ဒေသခံမျိုးစပါး စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများအတွက် ရင်းနှီး လုပ်ကိုင်နိုင်ရန် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်က ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ ကဏ္ဍစုံနေရာအသီးသီးတွင် စီးပွားရေးကုစားမှု လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် ရင်းနှီးထောက်ပံ့ငွေများ ချထားပေးသည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်းက စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ဆက်လက်ပြောကြားကာ တက်ရောက်လာကြသည့် ဒေသခံ တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ငွေများအားသက်ဆိုင်ရာ တာဝန် ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယခုပေးအပ်သော ထောက်ပံ့ငွေများကို မြင်းမူမြို့နယ်အတွင်းရှိ ပျော့ရွာလျှပ်စစ်မြစ်ရေတင်စီမံ ကိန်းရေသောက် ဧရိယာရှိ ပျော့ရွာကျေးရွာမှ မျိုးစပါးစိုက်ဧက(၃၅)ဧက၊ ကန်ဖျားကျေးရွာမှ (၁၂)ဧက၊ နဘဲကြူးကျေးရွာမှ (၁၂)ဧကနှင့် မူးဝရွာထောင် ကျေးရွာမှ(၁၅)ဧက၊ စုစုပေါင်းမျိုးစပါးစိုက်ဧက(၇၄)ဧက တို့ပိုင်ဆိုင်သူ တောင်သူ (၃၇)ဦး အတွက် ငွေကျပ်(၁၁၀၉၉၀၀၀) ကို(ပထမအကြိမ်)ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)