နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် နွေစပါးရေရရှိရေးဆောင်ရွက်ပြီး၍ တောင်သူများစတင်အသုံးပြုနေပြီဖြစ်

ပေါက်ခေါင်း   မတ်   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁-ခုနှစ်ဒီဇင်ဘာလကစတင် ဆောင်ရွက်သော ကျွဲပေါင်ပင်ကျေးရွာ ဆိုလာစွမ်းအင်စနစ်သုံး လယ်ယာမြေစိုက်ပျိုးရေရရှိ‌ရေး လုပ်ငန်းမှာ ယခုအခါရာနှုန်းပြည့်ပြီးစီး၍ တောင်သူများ၏ နွေစပါးစိုက်ပျိုးသီးနှံအတွက် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

ကျွဲပေါင်ပင်ကျေးရွာ ဆိုလာစွမ်းအင်သုံး နွေစပါးရေရရှိရေးအတွက် ကျေးလက်ဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ(၆.၀)သန်းဖြင့် ဆိုလာပြား(330w)(၆)လုံး၊ ဆိုလာပန့် တပ်ဆင်ခြင်းလုပ်ငန်းများကို ကျေးလက်ဦးစီးဌာနနှင့်တင်ဒါ အောင်မြင်သည့် ကုမ္မဏီတို့ တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ အားလုံးဆောင်ရွက်ပြီးဖြစ်လို့ တောင်သူများ၏ နွေစပါးသီးနှံ အတွက် လိုအပ်သည့် စိုက်ပျိုးရေကို လုံလောက်စွာရရှိတော့မည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

" ခုနှစ်နွေစပါးမှာစပြီး ဆိုလာစွမ်းအင်စနစ်နဲ့ရေတင်စိုက်ပျိုးထားတာပေါ့၊ခုထိရေပြတ်တောက် ခြင်းမရှိဘူး၊ကျေးလက်ဦးစီးဌာနကဆောင်ရွက်ပေးတာပါ နောင်နှစ်မှာတော့အခြား နွေသီးနှံတွေပါ ရေတင်စိုက်ပျိုးမယ်လို့မှန်းထားပါတယ်၊အခု တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ လည်း နောင်နှစ်တွေမှာ ယခုစိုက်ပျိုးဧကထက်များစွာ     တိုးချဲ့စိုက်ပျိုးနိုင်ဖို့ ရေလုံလောက်စွာ ရရှိနိုင်ဖို့ တင်ပြပြောဆိုထားပါတယ် " ဟု ကျွဲပေါင်ပင်ကျေးရွာ နွေစပါးစိုက်ပျိုးသူဦးခင်အေး ကပြောသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ နွေစပါးစိုက်တောင်သူများ၏ လယ်မြေဧက (၁၃)၏ ရေလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့်ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တစ်မြို့နယ်လုံး စိုက်ပျိုးရေရရှိရေးနှင့်သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ခွင့်ပြုရန်ပုံငွေစုစုပေါင်း(၇၃.၇၉၉၂)သန်း အထိအသုံးပြုထားကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)