(၇၇) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြု ဂန့်ဂေါတွင် မြစ်သာခန်းမလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းခင်းဖွင့်

ဂန့်ဂေါ မတ် ၂၇

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ မြစ်သာခန်းမလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းခင်းဖွင့်ပွဲကို ယမန်နေ့ နံနက်တွင် အဆိုပါ လမ်းထိပ်၌ ပြုလုပ်ရာ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကြင်ဆွေ တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများသည် ဖွင့်ပွဲပြုလုပ်သည့်လမ်းအား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဂန့်ဂေါမြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် ၅၆ ဒသမ ၂၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် KYK ROYAL FAMILY COMPANY က အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

ဆောင်ရွက်သည့်လုပ်ငန်းများအနက် မြစ်သာခန်းမလမ်း မြစ်သာခန်းမနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနလမ်းဆုံထိ ထပ်ပိုးလွှာခင်းခြင်း ၁၀၄၉ ပေ ၊ ၁၂ ပေ၊ ၃ လက်မ အတွက် ငွေကျပ် ၁၃ ဒသမ ၅၂ သန်း၊ မြစ်သာခန်းမလမ်းကျန်အပိုင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၃၂၀ ပေ၊ ၁၂ ပေ၊ ၃ လက်မ အတွက် ငွေကျပ် ၁၆ ဒသမ ၉၇ သန်း၊ မြစ်သာခန်းမပတ်လမ်း ကွန်ကရစ်ခင်းခြင်း ၆၀၀ ပေ၊ ၁၈ ပေ၊ ၈ လက်မ အတွက် ငွေကျပ် ၂၅ ဒသမ ၇၇ သန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်သာခန်းမလမ်းမှာ ဂန့်ဂေါမြို့ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်တို့နှင့် ကျောတိုက် ရပ်ကွက်တို့ကို ဆက်သွယ်သည့်လမ်းလည်းဖြစ်သည့်အတွက် မြစ်သာခန်းမသို့သွားရာလမ်းအဖြစ်သာမက အဆိုပါ ရပ်ကွက်နေပြည်သူများအတွက်လည်း ဆက်သွယ်သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)