ကြံခင်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် (Green City၊ Clean City ၊Smart City)ဖြစ်လာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က ကြံခင်း-မြန်အောင် ကားလမ်း ဘေးဝဲယာ မိုင်တိုင် (၄//ဝ)(၄/၃) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းသန့်စင်မျိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက ကြံခင်း-မြန်အောင်ကားလမ်းမကြီးဘေးဝဲယာမှ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ကိုင်းခြောက်များ၊ သစ်ရွက်ခြောက်များ၊ ပလပ်စတစ်များကို စုပေါင်းကောက်သိမ်းခြင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကားဖြင့်သယ်ယူပြီးစနစ်တကျစွန့်ပစ်ခြင်းအားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း (Green City၊ Clean City၊Smart City)ဖြစ်လာစေရန် မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့အတူမြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက အပတ်စဉ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့တော် သန့်ရှင်းသာယာလှပစေရန် လမ်းဘေးဝဲယာများတွင် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ မြက်ရိတ်ခြင်းနှင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန် နေ့စဉ်အမှိုက်ကားဖြင့်ရပ်ကွက်လမ်း များတွင် လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
မိုးမိုး(ပြန်/ဆက်)