မင်းဘူး(စကု)မြို့နယ်၌ မှတ်ပုံတင်မပြုလုပ်ရသေးသော အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသား စိစစ်ရေး ကတ်များ ကွင်းဆင်းပြုလုပ်ပေး

မင်းဘူး စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှတ်ပုံတင်မပြုလုပ်ရသေးသော ဒေသခံ ပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ရုံးမှ သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် ကြီးပင်ကန်ကျေးရွာတွင် ယမန်နေ့ နံနက် ပိုင်းက အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်များ မပြုလုပ်ရသေးသူ ၂၉ ဉီးတို့အား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်/ကျေးအဖွဲ့ဝင် များက ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေး၊ အသက်(၁၈)ပြည့်ပြီး မဲစာရင်းပါရှိသူများအနေဖြင့် မှတ်ပုံတင် ပျက်ဆီး/ ပျောက်ဆုံးသူများနှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသော ပြည်သူ ၁၄၀၀ ကျော်ကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး တာဝန်ရှိသူ တစ်ဉီးထံမှ သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)