မကွေး မတ် ၂၅
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မကွေးမြို့ အမှတ် (၁)အခြေခံပညာ အတက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တာဝန်ပေးအပ်ခြင်း ခံရသော ဆရာကြီး၊ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂-ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းမှ စာဖြေသူ(၂၂၁၄၂)ဦးက စာစစ် ဌာန(၈၁)ခုတွင် ဝင်ရောက်ဖြေဆိုကြမှာ ဖြစ်ကြောင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေဖို့အတွက် အဖြေလွှာ၊ စာမေးပွဲဖြေဆိုခွင့်ကတ်၊ မေးခွန်းများနဲ့ တာဝန်ထမ်းဆောင်မဲ့ ဝန်ထမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် စာမေးပွဲကျင်းပမည့် ရက်မတိုင်မီ ပေးပို့သွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ စာဖြေသူများ လုံခြုံအေးချမ်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အကြို လုပ်ငန်းများဖြစ်သည့် စာစစ်ဌာနများ သတ်မှတ်ခြင်း၊ ဖြေဆိုသူများ စာရင်းပြုစုခြင်းနှင့် စာမေးပွဲတာဝန် ထမ်းဆောင်သူများကို ရွေးချယ်ခန့်ထားခြင်းများကို ဌာန၏ သတ်မှတ် ညွှန်ကြားချက်များ၊ လက်ရှိ နယ်မြေလုံခြုံရေး အခြအနေများနှင့်အညီ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ကြောင်း၊ ယနေ့မှစပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအားလုံး လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ဖို့ အားလုံးအလေးအနက်ထား ဆောင်ရွက်ကြရမှာဖြစ်ပြီး၊ တက္ကသိုလ်ဝင် စာမေးပွဲကို ဖျက်ဆီးနှေင့်ယှက်အန္တရာယ် ပြုလာပါက အချိန်မီ ကာကွယ်တားဆီး ချေမှုန်းနိုင်ဖို့ သက်ဆိုင်ရာ ဌာနများ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ စာစစ်ဌာနများရဲ့ မီးဘေးလုံခြုံရေးကိုလည်း အလေးထားစီမံ ဆောင်ရွက်ကြဖို့ တာဝန်ရှိသူများကို မှာကြားလိုကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာမေးပွဲကို ကျင်းပရန်လိုအပ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကတော့ တိုင်း၊ ခရိုင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားရ မှာဖြစ်ပါကြောင်း၊ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လုံခြုံချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးကြပ်ကာ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ တွဲဖက်တာဝန် ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ အားလုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါလို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂန့်ဂေါခရိုင်၌ စာစစ်ဌာနကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင် ကြမည့် ပညာရေးဝန်ထမ်း(၅)ဦးအတွက် ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာ လိုက်နာလုပ်ဆောင်ရန်နှင့် သတိထားရမည့် အချက်များအား တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ