ပဲခူး မတ် ၂၅
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ် စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၇) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပညာပေး ဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က “ လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ပဲခူးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်သန်းက“ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး အားကစားသင်တန်းသားများကို “အားကစားဆိုင်ရာ သိမှတ်ဖွယ်ရာများ ဉာဏ်စမ်းအမေးအဖြေ အစီအစဉ်” ပြုလုပ်ပြီး အကောင်းဆုံးပါဝင်ယှဥ်ပြိုင်နိုင်ကြသည့် သင်တန်းသားများအား ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ဘောလုံးများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)